သမိုင်းကိုဖေါ်ပြနေသောရှေးအုတ်ချပ်များ
****************************
ရှေးဟောင်းခေတ် အုတ်ချပ် အရွယ် အကြီး အသေး ၊အထူ ၊အပါး ဘယ်လိုရှိမလဲ ? သိထားသလောက်ပြောပြမယ်။အုတ်လုပ်တဲ့နည်းပညာဘယ်ကရမလဲ ? ။ အခြားသော ယဉ်ကျေးမှု အခြင်းအရာများနှင်အတူ အိန္ဒိယဘက်ကပဲ လာပ်ါတယ် ။ ဟိန္ဒူ မြစ်ဝှမ်းယဉ်ကျေးမှု. မိုဟန်ဂျို ဒါရိုဟာရပ် မှာ ဘီစီ ၃၀၀၀ လောက်ကကစပြီး မြေအုတ်နဲ့ အဆောက်အအုံဆောက်နေပြီင်္ ။
ဗုဒ္ဓခေတ် ၊ မောရိယခေတ် ၊အသောကခေတ် ၊ စသည်ဖြင့် အုတ်တိုက်အဆောက်အဦးများကိုတွေ့ရတယ်။အုတ်အရွယ်အစားကတော့ အစောပိုင်းရောက်လေပိုကြီးလေ ၊ အလျား လက်မ ၂၀ အရွယ် ထိရှိ တယ်လို့ ပါစီဗရောင်း ရဲ့အိန္ဒိယ ဗိသုကာကျမ်း မှာ ဆိုတယ်။ နောက်ကျတော့ ၁၇×၉×၃"အရွယ် ၊ ၁၆×၉×၂ ၁/၄" အရွယ်တွေ ဖြစ်လာတယ် လို့ဆိုတယ်။ဂင်္ဂါ မြစ်ဝှမ်း မှာ မြို .ကြီးတွေတည် လာတော့ ရွှံ့ ပေါလို. အုတ်ကို တွင်ကျယ်စွာသုံးလာကြတယ်။
ဘီစီ ဒုတိယ ရာစုနှစ်က ဘုရားကျောင်း (A temple at Besnagar) မှာ ထုံးသရွတ် သုံးတာတွေ့တယ်။
ပြီးတော့ အုတ်ချပ်မှာ ချိုင့်ရာ ၊မြောင်းရာ ထွင်းထားတာ (အရေးအစင်းကြောင်း) တွေ့တယ် ။ကျနော်တို့က လက်ရေးစင်းလို့ခေါ်တဲ့ အစင်းတွေပဲ ။
ဒါကိုကထုံးသရွတ် ခိုင်မြဲအောင် ထိန်းထားဖို့ ချိုင့်တွေ ထွင်းထားတာလို့ဆိုတယ် ။ ဒီနေရာမှာပဲ အုတ်ပြားပေါ် ဘာကြောင့်လက်ရေးစင်းရေးခြစ်ရကြောင်းအဖြေကိုတွေ့ရတော့တယ်။ဒီဓလေ့ကိုဖိုနီးရှင်းနဲ့ဂရိတွေလဲလုပ်လေ့ရှိပါတယ်
ရှေးအုတ်တွေ ပိုကြီးတယ်လို့ မှတ်ရင် မမှားပါဘူး။ ဒါပေမယ့် … သေးတာ ငယ်တာတွေလဲ တွေ့ရပါတယ်။ ( ၁၈×၉×၃ ) လက်မ အရွယ် ( လက်ရေးစင်းပါ ) အုတ်ကတော့ စံပြအုတ် standard ပေါ့။ အောက်ပြည်က မြို့တွေ၊ ကျိုက္ကသာ ၊ဝင်းက ၊ ဇုတ်သုတ်၊ သထုံ၊ မော်လမြိုင် ၊ ဘားအံ၊ မုဒုံ ။ ထိုင်းနိုင်ငံက စီမဟာဖို့ ၊ စီထက်၊ ဦးထောင်း စတဲ့နေရာတွေမှာတွေ့တယ်။ယခုနောက်ထပ်ပြီးအသစ်တွေ့နေရာတစ်ခုကိုမိတ်ဆက်ပေးချင်ပါတယ်။
ရန်ကုန်တိုင်း ကော့မှူးမြို့ နယ် ပိန်းနဲကုန်းရွာ ပေါ်တော်မူ စိန်ဘုရားကျောင်း ပရဝုဏ် ထဲမှာတွေ့ ရတဲ့ အုတ် ကုန်းဟောင်းက အုတ်တွေပါပဲ။လက်ရေးစင်းအုတ်တွေတွေ့တွေ့ချင်း၊ဗွေဆော်ဦးလုပ်ရတဲ့အလုပ်က ရှေးဟောင်းသုတေသန ဌာန၊ ရန်ကုန်တိုင်း၊ညွှန်ကြားရေးမှူးးရုံးကို တယ်လီဖုန်း ဆက်ပြီး သတင်းပို့ခြင်းပါပဲ။ (တွေ့တဲ့အကြောင်းမပြောတော့ဘူး၊ ပြတိုက်လုပ်ထားတယ်) ။
ဘယ်မြို့ဟောင်းလဲ လို့ မမေးနဲ့ဦး ။ မြို့ရိုးကုန်းတော့ မဟုတ်နိုင်ဘူး ။ Off-site ပဲ ဖြစ်မယ်ထင်ပါတယ်။အဆောက်အအုံဟောင်းပါပဲ။ဒီကုန်းပေါ်မှာသိမ်သစ်တစ်ဆောင် ဆောက်ချင်လို့ မြေသန့်၊ မြေညှိတော့၊ အုတ်ဟောင်းတွေ ထွက်လာတာပဲ။ လက်ရေးစင်းတွေ တွေ့ရလို့ ခွင့်တောင်းပြီး ၊ ကောက်စုထားတာ (၄၀၀)ကျော် လောက်ရတယ်။
ရေဆေး ၊ ပုံကြမ်းဆွဲ ၊နံပါတ် ထိုး၊ ဓာတ်ပုံရိုက်၊ စုပြီး သိမ်းဖို့ ရုံဆောက် စင်လုပ်၊ စင်တင်ပြီးပြဖို့လုပ်တာတစ်နှစ်ခွဲလောက်ကြာတယ် ။ အခု အသင့် ကြည့်လို့ ရပြီ ။ နမူနာ အုတ် ၂၅၀ ကို သရုပ်ခွဲကြည့် တဲ့အခါ မတူတာတွေ အများကြီးတွေ့တယ်။ အရွယ် မတူ၊မြေအရောင်မတူ၊မြေသားမတူ၊လက်စင်းကြောင်းပုံစံမတူစသဖြင့်မတူကြပါဘူး။
လက်ရေးစင်းပါအုတ်ဟောင်း လေးရာကျော်ကို မြန်မာပြည်ဘယ်နေရာမှာ ရှာတွေ့ထားပါသလဲ?လို့မေးလိုက်ချင်ပါတယ် ။ ပြတိုက်မှာရော ရှိပါသလား ? ။ပြည်မြို .ရွှေဘုန်းပွင့်ဘုရား ပြတိုက် မှာ ဆရာကြီင်္း ဦးကြိုင် စုဆောင်းထားတာ ရှိတယ် ။တစ်ရာမပြည့်ပါ။မော်ဇာပြတိုက်မှာဒါဇင်လောက်စာပါတဲ့အုတ်တွေပြတာရှိမယ်။
နောက်ပြီးလက်ရေးစင်းမြင်တိုင်းပျူပါလို့သဲကြီးမဲကြီးပြောသူတွေလဲတွေရတော့ ဒါကိုမပြောရဘူးလို့ မပိတ်ပင်လိုပါဘူး။
ဒါပေမယ့် ကျကျ နန လေ့လာစူးစမ်းတာ လုပ်ကြပါဦး လို့ ဆိုပါရစေ။
သုတေသနလုပ်မယ် ဆိုရင် နမူနာတွေများများ လိုမှာပေါ့ ။ စိန်ဘုရားကျောင်းမှာ အုတ်တွေကိုနမူနာကောင်း၊အထောက်အထားကောင်းအဖြစ်သုံးချင်သူတွေ သုံးနိုင်ဘို့ ကောက်ယူ စုဆောင်း ထားရခြင်း ဖြစ်ပါတယ်။ ပြီးတော့ အုတ်ထွက်တဲ့ကုန်းဟာ ရှေးပဝေသနီကဒါကြောင့် သမိုင်း အတွက် အရေးပါတယ်။သမိုင်းဆရာကအနှစ်တစ်ထောင်လောက်ကိုလှမ်းပြီးပြောရမှာခက်နေပေမယ့်၊ရှေးဟောင်းသုတေသနရှုထောင့်နေကြည့်ရင်အနှစ်တစ်ထောင်ဆိုတာမနေ့တုန်းကလောက်ပဲကြာသေးတယ် ။ ဒါကြောင့် ဒေသသမိုင်း၊သာသနာ့သမိုင်းအတွက်အရေးပါတဲ့အထောက်အထားတွေကို တန်ဖိုးသိဖို့ တန်ဖိုးထားဖို့ အရေးကြီးကြောင်း ဆိုပါရစေ။
credit#ဦးစံဝင်း(မြန်မာနိုင်ငံသမိုင်းအဖွဲ.၀င် )
Comments
Post a Comment